ထိန်းသိမ်းရန်လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်

ဂေဟစနစ်(Ecosystem)ဆိုသည်မှာ သက်ရှိစက်ဝန်းတစ်ခုဖြစ်ပေါ် လာစေရန်အပင်၊တိရစ္ဆာန်နှင့် အခြားဇီဝရုပ်များအပြင် မိုးလေဝသနှင့် မြေမျက်နှာသွင်ပြင်တို့ပါ အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသော ပထဝီဝင်ဒေသတစ်ခုကိုဆိုလိုပါ သည်။ဂေဟစနစ်များတွင် biotic ဟုခေါ်သော သက်ရှိများ အပြင် abiotic ဆိုသည့် သက်မဲ့အစိတ်အပိုင်းများလည်း ပါဝင်နေပါသည်။
သက်ရှိအပိုင်း(Biotic factors)တွင် အပင်၊တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များပါဝင်ပါသည်။ သက်မဲ့အပိုင်း (Abiotic factors)တွင် ကျောက်တုံးများ၊အပူချိန်နှင့် စိုထိုင်းခြင်း စသည်တို့ ပါဝင်နေပါသည်။ ဂေဟစနစ်အ တွင်း ပါဝင်သော အပိုင်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အပြန်အလှန် မှီခိုနေကြပါသည်။ဥပမာ-ဂေဟစနစ်တစ်ခု၏ အပူချိန်ပြောင်းလဲမှုသည် ယင်းဒေသတွင် မည်သို့သောအပင်များ ပေါက်မည်ဆိုသည့် အချက်အပေါ် သက်ရောက်မှုရှိပါသည်။ထို အပင်များအပေါ် နေစရာ၊စားစရာအဖြစ် မှီခိုနေရသော တိရစ္ဆာန်များ အနေနှင့်လည်း ပြောင်းလဲမှုအပေါ် မူတည်ပြီး ညှိယူ ပြောင်းလဲခြင်းမျိုး၊တခြားဂေဟစနစ်တစ်ခုဆီ ရွှေ့ ပြောင်းသွားလာခြင်းမျိုး လုပ်ရမည်။ထိုသို့မဟုတ်လျှင် သေဆုံးသွားပါလိမ့်မည်။

ဂေဟစနစ်တစ်ခုသည် အကြီးကြီးလည်း ဖြစ်နိုင်သကဲ့သို့ သေးသေးလေးလည်း ဖြစ်နိုင်ပါသည်။ ဒီရေကျသွားချိန်တွင် သမုဒ္ဒရာကြီးမှ ချန်ထားခဲ့တတ်သော ဒီရေအိုင်များ သည် လုံးဝပြည့်စုံသော ဂေဟစနစ်သေးသေးလေးများ ဖြစ်သည်။ဒီရေအိုင်များအတွင်းတွင် ရေညှိတစ်မျိုးဖြစ်သော ပင်လယ်ရေမှော်များ ရှိပါသည်။ထိုပင်လယ်ရေမှော်များ သည် ဖိုတိုဆင်းသစစ် (Photo-synthesis- အလင်းဖြင့် အစာဖွဲ့ခြင်း)နည်းနှင့် အစာကို ဖန်တီးကြပါသည်။ပင်လယ်ခရုကဲ့သို့ အပင်စားသတ္တဝါများသည် ပင်လယ်ရေမှော်ကိုစားပါသည်။
ကြယ်ငါးကဲ့သို့ အသားစားသတ္တဝါများသည် ဒီရေအိုင်အတွင်းရှိ ဂုံး(ခုံး) သို့မဟုတ် ယောက်သွားကဲ့သို့ အခွံမာအကောင်များကို စားသုံးပါသည်။ဒီရေအိုင်များသည် ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုအပေါ် မှီခိုနေပါသည်။ပင်လယ်ရေမှော်ကဲ့သို့ တချို့ဇီဝရုပ်များသည် ဒီရေရှိနေပြီး ရေအိုင်ပြည့်နေချိန် ရေရှိရာပတ်ဝန်းကျင်မျိုးတွင် ဖြစ်ထွန်းကြပါသည်။ ဝင်ကစွပ်ကဲ့သို့ တခြားဇီဝရုပ်များသည် ရေအောက်တွင် မနေနိုင်သည်မို့ ဒီရေနည်းနည်းသာကျန်သောရေအိုင်တိမ်တိမ်များကို မှီခိုကြရသည်။ထိုနည်းအားဖြင့် ဂေဟစနစ်နှင့် သက်ရှိအပိုင်းများသည် သက်မဲ့အပိုင်းများအပေါ် မှီခိုနေကြရပါသည်။
ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုလုံးသည် ဂေဟစနစ်များစွာကို တွဲဆက်ထားခြင်းဖြစ်သည်။ဂေဟစနစ်များ ဆက်ပေါင်းလိုက်သောအခါ ၄င်းတို့ထက်ပိုကြီးသော ဇီဝထုများဆိုတာ ဖြစ်လာသည်။ ဇီဝထု (biomes)ဆို သည်မှာ ကြီးမားသော ကုန်းမြေ၊ပင်လယ် သို့မဟုတ် လေထုအစိတ် အပိုင်းများဖြစ်ပါသည်။ဥပမာသစ်တောများ၊ရေအိုင်များ၊ပင်လယ်ရေအောက် ကျောက်တန်းများနှင့်လွင်တီးခေါင်ပြင်များ အားလုံးသည် ဇီဝထုများပင် ဖြစ်သည်။ယင်းတို့ကို ယေဘုယျအားဖြင့် ၄င်းတို့အတွင်းတွင်နေထိုင်တည်ရှိသော တိရစ္ဆာန် နှင့် အပင်အမျိုးအစားများအပေါ် အခြေခံပြီး စုစည်းထားပါသည်။

သစ်တောတစ်ခုစီ၊ရေအိုင်တစ်ခုစီ၊ ပင်လယ်အောက် ကျောက်တန်းတစ်ခုစီ သို့မဟုတ် လွင်တီးခေါင်ပြင်၏အပိုင်းတစ်ခုစီတိုင်း၏ အတွင်း တွင် မတူညီသော ဂေဟစနစ်အများကြီးကို တွေ့နိုင်ပါသည်။
ဂေဟစနစ်အမျိုးအစား နှစ်မျိုး
ဂေဟစနစ် (Ecosystem) ဟူသည့် ဝေါဟာရကို ၁၉၃၅ ခုနှစ် တွင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် Sir Arthur George Tansley က စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ကမ္ဘာပေါ်ရှိ ဂေဟစနစ်ကို အဓိကအားဖြင့် ကုန်းမြေဂေဟစနစ်နှင့် ရေနေဂေဟစနစ် ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါသည်။
၁။ ကုန်းမြေ ဂေဟစနစ်
ကုန်းမြေဂေဟစနစ်ဆိုသည်မှာ မြေယာအခြေပြု ဂေဟစနစ်များ ဖြစ်သည်။ ကုန်းမြေ ဂေဟစနစ်တွင် မြေမျက်နှာ သွင်ပြင်ပေါ်မူတည်ပြီး ကုန်းမြေဂေဟစနစ် အမျိုးမျိုးရှိပြီး သစ်တောဂေဟစနစ်၊ မြက်ခင်းပြင် ဂေဟစနစ်၊ စိမ့်မြေလွင်ပြင်ဂေဟစနစ်နှင့် သဲကန္တာရ ဂေဟစနစ်တို့ပါဝင်ပါသည်။
သစ်တောဂေဟစနစ်(Forest Ecosystem)တွင် မျိုးစုံသော အပင်များ၊ တိရစ္ဆာန်များနှင့် သေးငယ်သော ဇီဝသက်ရှိများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်မှုကို သစ်တောဂေဟ စနစ်ဟု ခေါ်သည်။ သစ်တောဂေဟစနစ်တွင် အမြဲစိမ်းတော၊ အင်တိုင်းတော၊ ထင်းရှူးတော၊ ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ယာယီသွေ့ခြောက်တော၊ အထက်ရွက်ပြတ်ရော တောခြောက်၊ ဒီရေတော စသည်တို့ပါဝင်ပါသည်။
မြက်ခင်းပြင် ဂေဟစနစ် (Grassland Ecosystem)တွင် အပင်များသည် အများအားဖြင့် မြက်ခင်းများနှင့် ဟင်းသီးဟင်းရွက်များဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်ဧရိ ယာ၏ ၂၀ ရာခိုင်နှုန်းမှာမြက်ခင်းပြင်ဂေဟစနစ်များ ဖြစ်သည်။
စိမ့်မြေလွင်ပြင်ဂေဟစနစ် (Tundra Ecosystem) များသည် သစ်ပင်များမရှိသဖြင့် အေးသော ရာသီဥတု သို့မဟုတ် မိုးရွာသွန်းမှုနည်းပါးသောနေရာတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေတတ်သည်။ အာတိတ်ရေခဲပြင်ဒေသ သို့မဟုတ် တောင်ထိပ် ရှိ ဂေဟစနစ်သည် စိမ့်မြေလွင်ပြင် ဂေဟစနစ်အမျိုးအစားဖြစ်ပါသည်။
သဲကန္တာရ ဂေဟစနစ် (Desert Ecosystem) များသည် မိုးရွာသွန်းမှုအလွန်နည်းသော ဒေသများ ဖြစ် သည်။ အကြီးမားဆုံး သဲကန္တာရဂေဟစနစ်များကို အန္တာတိက၊ မြောက်အာဖရိက၊ အာတိတ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တွေ့နိုင် သည်။ ဆာဟာရ သဲကန္တာရ၊ ဂိုဘီ သဲကန္တာရများသည် သဲကန္တာရဂေဟစနစ်တွင်ပါဝင်သည်။ သဲကန္တာရများ တွင် သာမန်ရာသီဥတုအခြေအနေ၌ အပူချိန် ၂၀ ဒီဂရီဆဲလ်စီးရပ်မှ ၂၅ ဒီဂရီဆဲလ်စီးရပ်အထိ ရှိပြီး ပြင်းထန်သော ရာသီဥတုတွင် အနုတ် ၁၈ ဒီဂရီ ဆဲလ်စီးရပ်မှ ၄၉ ဒီဂရီ ဆဲလ်
စီးရပ် အထိ ရှိကြသည်။
၂။ ရေနေ ဂေဟစနစ်
ရေနေ ဂေဟစနစ်များသည် ရေထဲတွင် သက်ရှိသက်မဲ့များ စုစည်းတည်ရှိနေသော ဂေဟစနစ်များ ဖြစ်သည်။ ယင်းဂေဟစနစ်တွင် ရေချိုဂေဟစနစ်နှင့် အဏ္ဏဝါဂေဟစနစ် အမျိုးအစားနှစ်ခုပါဝင်သည်။
ရေချိုဂေဟစနစ် (Freshwater Ecosystem) သည် ဆားပါဝင်မှုမရှိသော အိုင်များ၊ ရေကန်များ၊ မြစ်များ၊ စမ်းချောင်းများနှင့် စိုစွတ်သောမြေများပါ၀င်သည်။ ရေချိုဂေဟစနစ် အတွင်း ကမ္ဘာပေါ်ရှိ ငါးမျိုးစိတ်များ၏ ၄၁ ရာခိုင်နှုန်းခန့် ရှင်သန်ပေါက်ပွားလျက်ရှိသည်။
အဏ္ဏဝါဂေဟစနစ် (Marine Ecosystem)တွင် ပင်လယ်နှင့်သမုဒ္ဒရာများ ပါဝင်သည်။ ၎င်းတို့တွင် ရေချိုဂေဟစနစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုသိသာထင်ရှားသော ဆားပါဝင်မှုနှင့် ပိုမိုကောင်းမွန်သော ဇီဝမျိုးစုံမျိုးကွဲများရှိတတ်သည်။ ယင်းဂေဟစနစ်တွင်ပါဝင်သည့် ပင်လယ်သမုဒ္ဒရာရေပြင်သည် ကမ္ဘာ့မျက်နှာ ပြင်၏ ၇၀ ရာခိုင်နှုန်းခန့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ ရေအရင်းအမြစ်၏ ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။
အချုပ်အားဖြင့် ဆိုရသော်-
ထိုသို့ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် သဘာဝပတ် ဝန်းကျင်၏အကျိုးပြုမှုတန်ဖိုးများ ကိုသိရှိပြီး ယနေ့ရင်ဆိုင်နေကြရသောရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်း ပျက် စီးမှုဆိုင်ရာ ဘေးဒုက္ခများကို ဖြေရှင်းနိုင်ရန်အတွက် သဘာဝပတ် ဝန်းကျင်နှင့် ဂေဟစနစ်များ ကို မဖြစ်မနေထိန်းသိမ်းရန် လိုအပ်လျက် ရှိပါကြောင်း လေ့လာရေးသားအပ်ပါသည်။
ဇော်ကြီး(ငါးဦးစီး)
မှီငြမ်း-ဂေဟစနစ်ဆိုတာ (သီဟစည်သူ)